လေပြွန်ရောင်တာနဲ့ အဆုတ်အအေးမိတာ ဘယ်လိုကွာလဲ
အအေးမိသလိုဖြစ်ပြီး နာတာရှည် ချောင်းတွေဆိုး၊ သလိပ်တွေ ထွက်လာတဲ့အခါ အဆုတ်မှာ ပြဿနာတစ်ခုခု ရှိနေတာ အသေအချာပါပဲ။ ဒီလို နာတာရှည် ချောင်းဆိုးသလိပ်ထွက်တာရဲ့ အဓိက အကြောင်းရင်းက လေပြွန်ရောင်တာနဲ့ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်အအေးမိတာကြောင့် အဖြစ်များပါတယ်။
လေပြွန်ရောင်တာနဲ့ အဆုတ်အအေးမိတာက ရောဂါလက္ခဏာတွေက ဆင်တူနေတတ်လို့ ခွဲရသိပ်မလွယ်ပါဘူး။ လေပြွန်ရောင်တာက အသက်အန္တရာယ် ရှိနိုင်တာနည်းပြီး အဆုတ်အအေးမိတာကတော့ ကုသမှု သေချာမခံယူရင် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်တဲ့ ရောဂါပါ။
ဘာကြောင့် ဖြစ်တာလဲ?
လေပြွန်ရောင်တယ်ဆိုတာ လေပြွန်တွေက ရောဂါပိုးကြောင့် ရောင်ရမ်းလာတာဖြစ်ပြီး အများအားဖြင့် ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ကာ တစ်ခါတရံလည်း ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ရက်သတ္တအနည်းငယ်သာ ကြာတာရှိသလို လများစွာ ကြာတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။
အဆုတ်အအေးမိတာကတော့ ဘက်တီးရီးယား၊ မှိုပိုးနဲ့ ဓာတုပစ္စည်းတွေကြောင့် ဖြစ်နိုင်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ နည်းပါတယ်။
ရောဂါလက္ခဏာတွေက ဘာလဲ?
လေပြွန်ရောင်တာရော၊ အဆုတ်အအေးမိတာရောမှာ တူတဲ့ လက္ခဏာတွေက
- ချောင်းဆိုးတာ
- စိမ်းဝါရောင် သလိပ်တွေထွက်တာ
- အသက်ရှူမြန်တာ
- အသက်ရှူကြပ်တာ
- ရင်ဘတ်အောင့်တာ
- ကြွက်သားတွေနာတာ
- ဖျားတာ
- ချမ်းတုန်တာတွေ ဖြစ်ပါတယ်။
မတူညီတဲ့ အချက်တွေက…
- လေပြွန်ရောင်ရင် ချောင်းခြောက်အရင်ဆိုးပြီး နောက်ပိုင်းမှ စိမ်းဝါရောင် သလိပ်ထွက်လာပါတယ်။ အဆုတ်အအေးမိရင် စိမ်းဝါရောင် သလိပ်တွေ တောက်လျှောက် ထွက်ပြီး သွေးစပါ ပါတတ်ပါတယ်။
- လေပြွန်ရောင်ရင် ချောင်းဆိုးတဲ့အချိန်မှာသာ ရင်ဘတ်ထဲက တင်းကျပ်နေတာ၊ အသက်ရှူမြန်တာ၊ မောတာတွေ ဖြစ်ပြီး အဆုတ်အအေးမိရင်တော့ ရင်ဘတ်အောင့်ကာ အချိန်တိုင်း အသက်ရှူမြန်ပြီး မောနေတတ်ပါတယ်။
- လေပြွန်ရောင်တာမှာ အဖျားငွေ့ငွေ့သာ ရှိတတ်ပြီး အဆုတ်အအေးမိရင်တော့ ကိုယ်အပူချိန် များတတ်ပါတယ်။
- အသက်ရှူလိုက်တိုင်း တရွှီရွှီ မြည်နေတာဟာ လေပြွန်ရောင်ရင်သာ ဖြစ်တတ်ပါတယ်။
- နှလုံးခုန်နှုန်းမြန်တာ၊ အားအင်ကုန်ခမ်းနေတာဟာ အဆုတ်အအေးမိရင်သာ ဖြစ်တတ်ပြီး လေပြွန်ရောင်ရင် နှလုံးခုန်နှုန်းက ပုံမှန်ဖြစ်ကာ အားအင်ကုန်ခမ်းခြင်းလည်း မရှိတတ်ပါဘူး။
ရောဂါကို သေချာသိနိုင်ဖို့ ဆိုရင်…
- သလိပ်စစ်တာ
- သွေးစစ်တာ
- ရင်ဘတ်ဓာတ်မှန် ရိုက်တာတွေ လုပ်ဖို့ လိုပါမယ်။
ကုသမှု…
လေပြွန်ရောင်တာက ရက်သတ္တပတ် အနည်းငယ်ကြာရင် သူ့အလိုလို သက်သာတတ်ပါတယ်။ အဆုတ်အအေးမိတာကတော့ ကုသမှုခံယူရင် ရက်သတ္တပတ်အနည်းငယ်ကနေ လပိုင်းခန့်အကြာမှ ပျောက်ကင်းနိုင်ပါတယ်။ ကုသမှု မခံယူရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
နှစ်မျိုးစလုံးအတွက် ရေများများသောက်တာ၊ အနားယူတာ၊ ကိုယ်လက်ကိုက်ခဲတာတွေအတွက် Ibuprofen လို အနာသက်သာတဲ့ဆေး သောက်တာ (Aspirin-sensitive ရှိရင်တော့ ရောဂါလက္ခဏာတွေ ပိုဆိုးစေနိုင်တာမို့ မသောက်သင့်ပါဘူး) ၊ အဖျားရှိရင် ပါရာစီတမောလ်သောက်တာ၊ အာဟာရ ဖြစ်အောင်စားတာ၊ ရေနွေးငွေ့ ရှူတာ၊ ပန်းနာရင်ကြပ်အခံရှိရင် ဂေါက်ရှူဆေး Inhaler ရှူတာတွေက ရောဂါကို သက်သာစေပါတယ်။
ဘက်တီးရီးယားကြောင့် လေပြွန်ရောင်တာ ဖြစ်ခဲ့ရင် ပိုးသတ်ဆေး သောက်ရပါမယ်။ အဆုတ်အအေးမိတာက ဘက်တီးရီးယားကြောင့်ဆို ပိုးသတ်ဆေး သုံးရမှာဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့်ဆို ဗိုင်းရပ်သတ်ဆေး သုံးရပါမယ်။ ဘက်တီးရီယားနဲ့ ဗိုင်းရပ်အမျိုးအစားကို သလိပ်စစ်ရာမှ သိနိုင်ပြီး အမျိုးအစားအလိုက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်သတ်ဆေး ပေးရမှာ ဖြစ်ပါတယ်။
ချောင်းဆိုးတယ်ဆိုတာက ရောဂါပိုးတွေကို ရှင်းထုတ်တာဖြစ်လို့ ချောင်းဆိုးပျောက်ဆေးတွေ မသုံးသင့်ပါဘူး။
လေပြွန်ရောင်တာရော အဆုတ်အအေးမိတာရောက တကယ်ဖြစ်လာရင် ခံရခက်တဲ့ ရောဂါတွေချည်းပါပဲ။ ဒါကြောင့် ဒီလို ရောဂါတွေကို ကာကွယ်နိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဥ်ထိုးထားသင့်သလို ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ဖို့လည်း လိုပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်